ဆောင်းသီးနှံ (သီးထပ်) စိုက်တောင်သူများအား မျိုးစေ့များနှင့် ဓာတ်မြေဩဇာပံ့ပိုးပစ္စည်းများ ပေးအပ်

အင်းတော် ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ဆောင်းသီးနှံ (သီးထပ်) စိုက် တောင်သူများအား မျိုးစေ့များနှင့် ဓာတ်မြေဩဇာ ပံ့ပိုးပစ္စည်းများအား ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က ဒေသခံ တောင်သူများအနေဖြင့် မြို့နယ်အတွင်း ဆောင်းသီးနှံ (သီးထပ်) စိုက်ဧကများ ပြည့်မီစွာ စိုက်ပျိုးနိုင်ရန်နှင့် မျိုးကောင်း မျိုးသန့်များ သုံးစွဲစိုက်ပျိုးသွားကြရန် လိုအပ်ကြောင်း၊ သို့မှသာ ဒေသခံ စိုက်ပျိုးရေး တောင်သူများအနေဖြင့် သီးနှံထွက်ကုန်များ အရည်အသွေးပြည့်မီစွာ ရရှိ လာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသာဆန်းက ရေဆင်း စပ်မျိုး နေကြာ - ၁  စနစ်တကျ စိုက်ပျိုးနည်းများကို  အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ အင်းတော် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းသီးနှံ (သီးထပ်) စိုက်ပျိုးသည့် တောင်သူ (၅၀) ဦးတို့အား ဆောင်းသီးနှံများ ဖြစ်သည့် ရေဆင်းစပ်မျိုးနေကြာ - ၁၊ ရေဆင်း - (ကုလားပဲမျိုး)၊ ရေဆင်း- (ပဲပုပ်မျိုး)၊ စားတော်ပဲ (ဒေသမျိုး)များနှင့် ဓာတ်မြေဩဇာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သီဟ