စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များမှ တောင်သူများအား တောင်သူစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ဖွင့်လှစ်

ကောလင်း သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များမှ တောင်သူများအား တောင်သူ စွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကောလင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးလှမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်ပြောကြားသည်။

အဆိုပါသင်တန်းတွင် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး (၃)မြို့နယ်မှ တောင်သူ (၄၅)ဦးတို့ကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှုး ဦးလှမြင့်က Call Centerဖြင့် မိတ်ဆက်ခြင်း၊ ဖုန်းနံပါတ်များ Save လုပ်ခြင်း၊ Pp application အသုံးပြုနည်းများ မျှဝေပေးခြင်းကို လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက ဘက်စုံပိုးမွှားကာကွယ်နှိမ်နှင်းနည်းနှင့် ပတ်ဝန်းကျင် ဘေးအန္တရာယ်မဖြစ်စေရန် မိတ်ဆွေပိုးများ မွေးမြူရန်၊ ဇီဝနည်းနှင့်ကာကွယ်နှိမ်နှင်း နည်းဖြစ်သည့်ဥကပ်ပါးနဂျီများလွှတ်ရန်၊ ပိုးသတ်ဆေးရွေးချယ်မှုမှန်ကန်စေရန်နှင့် ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲရန်တို့ကို လည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံဒေါ်ကြင်စန်းက စပါးအစွမ်းဖွင့် (SRI)စိုက်ပျိုးနည်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာကိုလည်းကောင်း၊ ခရိုင် မြေအသုံးချရေး တာဝန်ခံ ဒေါ်သူဇာဌေးက မြေနမူနာယူစစ်ဆေးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို အသီးသီး ပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)