တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကရင်၊ မွန်တိုင်းရင်းသား သမိုင်းစာအုပ်များနှင့် ဆလုံရိုးရာပုံပြင် စာအုပ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ စာကြည့်တိုက်များသို့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်    ဒီဇင်ဘာ     ၂၃

ကရင်၊ မွန်တိုင်းရင်းသားသမိုင်းစာအုပ်များနှင့် ဆလုံရိုးရာပုံပြင်စာအုပ်များအား တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်များသို့ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၊ စာပေနှင့်အနုပညာများ ထိန်းသိမ်းမြှင့်တင်နိုင်ရန် အစဉ်အမြဲ အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် တစ်ချက်အပါအဝင် ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” စသည့်အချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း များ တိမ်ကောပျောက်ကွယ်မှုမရှိစေရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေအခန်းကဏ္ဍ မြင့်မားလာစေရေး၊ တိုင်းရင်းသားလူမျိုးအားလုံး အခွင့်အရေးများကို ရရှိခံစားနိုင်ရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားလာစေရေး ရည်ရွယ်၍ တိုင်းရင်းသားများ၏ သမိုင်းဆိုင်ရာစာအုပ်များနှင့် ရိုးရာပုံပြင် စာအုပ်များကို တိုင်းရင်းသားများထံသို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ စာအုပ်များအား အများပြည်သူများ လေ့လာနိုင်ရန် ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပေးအပ်ပြီး ဌာနမှလည်း အများပြည်သူလေ့လာနိုင်စေရန်နှင့် အသိပညာတိုးပွားလာစေရန် မြို့နယ်၊ ခရိုင်စာကြည့်တိုက်များတွင် ထားရှိဆောင်ရွက်စေလိုကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့်လည်း မိမိတို့စာကြည့်တိုက်များကို လူငယ်လူရွယ်များ လာရောက်၍ စာပေဗဟုသုတများ လေ့လာနိုင်ရေးနှင့် ဖတ်ရှုနိုင်ရေး အတွက်လည်း စာအုပ်စာတမ်းများ စုံလင်စွာ ထားရှိနိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်ပြီး စာအုပ်စာပေများကိုလည်း မပျောက်ပျက်၊ မပျက်စီးစေရေး ထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စာကြည့်တိုက်များတွင် ထားရှိနိုင်ရန်အတွက် ကရင်၊ မွန်တိုင်းရင်းသားသမိုင်းစာအုပ်များနှင့် အင်္ဂလိပ်/မြန်မာ/ကရင် အဘိဓာန်စာအုပ်များ၊ ဆလုံရိုးရာ ပုံပြင်စာအုပ်များ စုစုပေါင်းစာအုပ်(၅၁၂)အုပ်အား ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့်  ခရိုင်/မြို့နယ်ဝန်ထမ်းများက လက်ခံရယူပြီး တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)