ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး အတွက် အသိပေးလှုံ့ဆော်ခြင်းများဆောင်ရွက်

ကျုံပျော်    ဩဂုတ်     ၂၄

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ် - ၁၉ ကူးစက်မှုနှင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်သူများ ပေါ့ဆမှုမရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေး အသိပေး လှုံဆော်ခြင်းများကို  ၂၃ရက် နံနက် ၈နာရီက ရပ်ကွက်၊ ကျေးရွာများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများသိရှိနိုင်ရန် အသံချဲ့စက်များ အသုံးပြု၍ တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ လုံးဝမသွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ အနည်းဆုံး (၆) ပေ အကွာမှ နေထိုင်ပြောဆိုရန်၊ အပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ရန်၊ လက်တွင်ကပ်ပါလာသော ဗိုင်းရပ်ပိုးမွှားသေစေရန်အတွက် ဆပ်ပြာနှင့် ရေအသုံးပြုပြီး အနည်းဆုံး စက္ကန့် (၂၀) ကြာ အောင် ဆေးကြောရန်၊ ရောဂါဖြစ်ပွားလျက်ရှိသော ပြည်တွင်းပြည်ပဒေသများမှ ပြန်လာသူများ ရှိပါကသက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန်စသည့် အချက်များကို ကြေညာပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ ကျုံပျော်တွင် လူဦးရေ (၂၅၀,၀၀၀) ကျော်ရှိပြီး၊ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ မရှိကြောင်း၊ ဈေး၊ ကျောင်း၊ ဆေးရုံ စသည့်လူစည်ကားရာ နေရာများ တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး အလေးထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နေဝင်းမြင့်(ကျုံပျော်)