ပင်လည်ဘူး ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးအတွက် ဆိုင်ကယ်စီးနင်းကြသူများအား အသိပညာပေး ဟောပြောခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်က ပင်လည်ဘူး- ကောလင်း- ဖောင်းပြင်သွားကားလမ်းဆုံ ဆန်းသစ်လွင် တည်ခိုခန်းအနီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲမှူး မျိုးတင့် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဆိုင်ကယ်စီးဦး ထုပ်မဆောင်းဘဲ စီးနင်း သွားလာနေကြသူများနှင့် အိပ်ဇောသံ ထိန်းကိရိယာမပါဘဲ မောင်းနှင်ကြသူများအား ပညာပေးအနေဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆိုင်ကယ်ကို အော်တို အိပ်ဇောတပ်ဆင်ပြီး မောင်းနှင်ကြရန်၊ ဆိုင်ကယ်စီး ဦးထုပ်ဆောင်ရန်၊ မေးသိုင်းကြိုးတပ်မောင်းနှင်ကြရန်၊ ဘက်မှန်နှင့် နံပတ်ပြားများတပ်ဆင်ရန်၊ ဆိုင်ကယ်စီးနင်းပါက လူ ၂ ဦးထက်ပိုပြီး စီးနင်းမောင်းနှင်ခြင်းမပြုကြရန်၊ သတ်မှတ် အရှိန်နှုန်းထက်ပိုပြီး မောင်းနှင်ခြင်းမပြုကြရန် စသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြော ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ လည်း ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဒုတိယရဲမှူးမျိုးတင့်နှင့် တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များအတွင်း မှုခင်းလျော့နည်းကျဆင်းရေး အတွက် ဆိုင်ကယ်လှည့်ကင်း ဆောင်ရွက်မှုများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)