လက်ပံတန်း ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား စတုတ္ထအသုတ်မှ ဒုတိယအကြိမ်၊ ပဉ္စမအသုတ်မှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များ၌ သတ်မှတ်ရက်အလိုက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းကူညီဆောင်ပေးကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများမှ စာရင်းရေးသွင်းမှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ဆေးထိုးရန် ရောက်ရှိလာကြသူများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှသာလျှင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ယနေ့အထိ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူပေါင်း (၄၁၉၂၄)ဦး၊ ပထမအကြိမ် ထိုးနှံပြီးသူပေါင်း (၅၅၄၈၆)ဦးရှိပြီး အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပထမအကြိမ် (၅၇၉၄)ဦး၊ ဒုတိယ အကြိမ် (၅၆၅၄)ဦးရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝင့်နန္ဒာဌေး (လက်ပံတန်း)