ဖျာပုံ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လွန်ဆွဲပြိုင်ပွဲ၊ ထုတ်ဆီးတိုး ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မီတာ(၁၀၀)၊ (၂၀၀)အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အခြားဂိမ်းကစားခြင်း ပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ကျောင်းအလိုက် တာဝန်ခံကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်