ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ကြေညာ

ငါးသိုင်းချောင်း    ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဩဂုတ်လ ၂၂ ရက်နေ့အထိ ထုတ်ပြန်ထားသော တားမြစ်မိန့်နှင့် ညွှန်ကြားချက်များကို စုစည်း၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ယမန်နေ့ညနေပိုင်းက ငါးသိုင်းချောင်းမြို့ နေရာအနှံ့အပြားတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ ဆက်သွယ်သွားလာလျက်ရှိသည့် ဂွ-ငါးသိုင်းချောင်းလမ်းနှင့် ပုသိမ် - မုံရွာလမ်းမပေါ်တွင် တည်ရှိပြီး လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ် - ၁၉ ရောဂါ ကူးဆက်ပျံ့ပွားလာမှု အခြေအနေများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျန်းမာရေးအသိ၊ သတိရှိရှိဖြင့် ဆက်သွယ်၊ သွားလာ၊‌ နေထိုင်နိုင်ရေး၊ သက်ဆိုင်ရာတာဝန်ရှိဌာနနှင့် အဖွဲ့အစည်းများက ထုတ်ပြန်ထား‌သော အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိလိုက်နာ‌ဆောင်ရွက်နိုင်‌ရေးနှင့် ကိုဗစ် - ၁၉‌ ရောဂါကြိုတင် ကာကွယ်‌ရေးအတွက် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည့် အချက်အလက်များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်မြေမီးသတ်စခန်း၊ မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ အာယုပါလ လူမှုကူညီရေးအသင်းနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ငါးသိုင်းချောင်းမြို့ နေရာအနှံ့အပြားတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် ငါးသိုင်းချောင်းမြို့၌ ဩဂုတ်လအတွင်း ယ‌နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်‌ ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးနှိုးဆော်ခြင်းနှင့် (Mask) နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ဂွ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ဆက်သွယ်သွားလာ‌ လျက်ရှိသည့် ခရီးသွားများပြည်သူများကို ကျန်းမာရေးအ‌ခြေအ‌နေ စစ်ဆေးခြင်းနှင့် ခရီးသွားအထောက်အထားများ စစ်ဆေးခြင်း အစရှိသည့် လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးက အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)