အမာ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဆရာမများက ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် တယ်ပင်ဆိပ်ကျေးရွာ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ဆုမာလှိုင်နှင့် ကျန်းမာရေးဝန်ထမ်း များက ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အကြောင်း၊ သန်ကောင်ရောဂါနှင့် ပတ်သက်သည့် ရောဂါကူးစက်ပုံများ၊ သန်ကောင် ရောဂါကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို သန်ချဆေးများ တိုက်ကျွေးပြီး သန်ကောင် ရောဂါအကြောင်း အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများသည် ကျန်းမာရေးနှင့် ပတ်သက်သည့် အသိဉာဏ်ပညာများ ဖွံဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်း ရောဂါကင်း၍ အနာဂတ်၏ အောင်မြင်သော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း အထက်တန်းပြ ဆရာမတစ်ဦးထံမှ သိရသည်။
အမာ