မြိတ်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ  ပြေးခုန်ပစ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်   ဒီဇင်ဘာ   ၂၃

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် Township Sports Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်း က  ကျင်းပခဲ့ သည်။

ပြိုင်ပွဲများတွင် မီတာ(၈၀၀)အပြေးပြိုင်ပွဲ ၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ ၊  သံပြားပစ်ပြိုင်ပွဲ ၊ မီတာ (၄၀၀) အပြေးပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲနှင့် လှံတံပစ်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ယမန်နေ့က မီတာ (၁၅၀၀)အပြေးပြိုင်ပွဲ၊ မီတာ (၁၀၀)အပြေးပြိုင်ပွဲ ၊  သံလုံးပစ်ပြိုင်ပွဲ၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ စသည့် အမျိုးသား/အမျိုးသမီးပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား/သူ များ တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။  

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသော ကျောင်းသား/သူများကို တာဝန်ရှိသူများက လည်ဆွဲဆုနှင့် ငွေသားဆုများ အသီး သီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး အမျိုးသမီးပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလားရရှိသော အထက (အင်္ဂမော်)ကျောင်းအသင်းအား ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းနှင့် အမျိုးသားပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလားရရှိသော အထက(ကျွဲကူး)ကျောင်းအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေစိုးက ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲများကို မြိတ်မြို့ရှိ အခြေခံပညာကျောင်း စုစုပေါင်း(၁၁)ကျောင်းမှ ကျောင်းသား/ သူ(၁၁၀)ဦး  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ(၂၂)ရက်မှ(၂၃)ရက်ထိ ကျင်းပခဲ့သည်။  ပြိုင်ပွဲများ၌ ထူးချွန်ဆုရရှိသော အားကစားသမားများကို မြို့နယ်ပြေးခုန်ပစ်ဆပ်ကော်မတီမှ ပြိုင်ပွဲများ ဆက်လက်သွားရောက်ယှဉ်ပြိုင်ရန်  လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း  အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ခိုင်ထူး(မြိတ်)