ကော့သောင်း သြဂုတ် ၂၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာအဖွဲ့ပိုင်ဈေးများအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှုမရှိသူများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ နေ့စဉ်လိုက်လံစစ်ဆေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပိုမိုသတိပြု ကာကွယ်ထိန်းနိုင်ရေးရည်ရွယ်ကာ ဈေးများအားလုံးတွင် ဈေးဝယ်သူများသည် လက်ဆေး ၊နှာခေါင်းစည်းများ တပ်ဆင်ပြီး ဈေးအတွင်း ဝင်ရောက်ဈေးဝယ်ကြရန်နှင့် ဈေးရောင်းသူနှင့်ဝယ်သူများ နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်ကာ ၆ပေအကွာမှ ရောင်းချဝယ်ယူကြရန် နာမကျန်းဖြစ်နေသူများ ဈေးအတွင်းဝင်ရောက် ရောင်းချဝယ်ယူခွင့်မပြုလုပ်ကြရန် ဈေးရောင်းချသူများနှာခေါင်းစည်း မတပ်ဆင်ပါက ဒဏ်ငွေတတ်ရိုက်ခြင်းအပြင် လိုအပ်ပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေး ယူလျက်ရှိသည်။
ကော့သောင်းမြို့ပေါ်ဈေးများဖြစ်သည့် ဘုရင့်နောင်လေဟာပြင်ဈေး၊ မြို့မဈေး၊ ရွှေဇင်ယော်ရပ်ကွက်နန္ဒဝန်ဈေး၊ အောင်သုခသဲတန်းဈေးနှင့် အေးရိပ်ငြိမ်ညနေဈေးများတွင် စည်ပင်ဝန်ထမ်းများအဖွဲ့ခွဲကာ နေ့စဉ် ရှောင်တခင်စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလက်ကမ်းစာစောင်များ လိုက်လံဝေငှအသိပညာပေးနှိုးဆော်လျှက်ရှိကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)