ကြံခင်း ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံးမှူး၊ မဲရုံးအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်မှုများကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့နယ် ဆုံလဲအုပ်စု (ဆိပ်သာ) အခြေခံပညာ အထက်တန်းကျောင်းတွင် ဟောပြောပို့ချခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကြံခင်းမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်က မဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များအား လုပ်ငန်း လမ်းညွှန်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များမှ မဲရုံမှူး၏ လုပ်ငန်း တာဝန်များအားလည်းကောင်း၊ ဒုတိယ မဲရုံမှူး၏ တာဝန်များအားလည်းကောင်း၊ မဲစာရင်းစစ်ဆေးသူဆိုင်ရာ လုပ်ငန်း များအား လည်းကောင်း၊ ဆန္ဒမဲထုတ်ပေးသူ လုပ်ငန်းတာဝန်များအားလည်းကောင်း၊ လုံခြုံရေးဆောင်ရွက်သူ လုပ်ငန်းတာဝန်များ အား လည်းကောင်း၊ မှင်တို့သူများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား လည်းကောင်း ဟောပြော ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပို့ချခြင်းကို ကြံခင်းမြို့နယ်အတွင်းရှိ ကျောင်းစုများတွင် (၆) ကြိမ်ပို့ချခဲ့ပြီး ဖြစ်ကြောင်းနှင့် ဩဂုတ်လ (၂၆) ရက်နှင့် ဩဂုတ်လ ( ၃၀) ရက်နေ့များတွင်လည်း မြို့နယ်အတွင်း ကျောင်းစုများအလိုက် ဆက်လက် ပို့ချပေးမှာဖြစ်ကြောင်း၊ ကျောင်းစုအလိုက် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကြရမည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)