စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

စုကလိ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများအား ယနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်းတွင် ကျင်းပသည်။

ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင်  မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကျား/မ မီတာ ၅၀၊  မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ဘောလုံးဖိထိုင်ပြိုင်ပွဲ၊​ဘောလုံးသယ်ပြိုင်ပွဲ၊ ကြယ်သီးတပ်ပြိုင်ပွဲ၊ ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲနှင့် ပူပေါင်းဖောက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများနှင့် ရပ်မိရပ်ဖများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထိုသို့ အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူကလေးများ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် လွတ်လပ်ရေးအား အသက်နှင့်ယှဉ်ကာ တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပိုပိုအောင်(ပြန်/ဆက်)