မြင်းမူ ဩဂုတ် ၂၄
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် မိုးရေတိုက်စားခြင်းကြောင့် ပျက်စီးသွားခဲ့သည့် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာအနီးရှိ မြောင်မြို့နယ်နှင့်ဆက်သွယ်ထားရှိသော ကားလမ်းတံတားမှာ၊ အသစ်ပြန်လည် တည်ဆောက် ပြီးစီးပြီဖြစ်၍ မော်တော်ယာဉ်များ ဖြစ်သန်းသွားလာလျက်ရှိကြောင်း သိရှိရသည်။
ပျက်စီးသွားသည့် တံတားနေရာတွင် တံတားအသစ်တစ်စင်း ပြန်လည်တည်ဆောက်ရန်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၇၅)သန်းဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိန်(မြင်းမူ) ထံမှသိရှိရသည်။
ယခုအသစ်ပြန်လည်တည်ဆောင်ပြီးစီးခဲ့သော ယင်းတံတားမှာ မန္တလေး-မုံရွာလမ်းမကြီးဘေးရှိ မြောင်မြို့နှင့် ဆက်သွယ်ထားသည့် မြို့နယ်ချင်းဆက် လမ်းတံတားဖြစ်သည့်အတွက် အလွန်အရေးပါကြောင်း၊ ယခုအခါ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြစ်သန်း သွားလာ နိုင်ပြီးဖြစ်၍ ကုန်စည်စီးဆင်းရေးအတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရှိရသည်။
ယခု အသစ်တည်ဆောက်ပြီးစီးခဲ့သော တံတားမှာအရှည်(၂၅)ပေနှင့် လမ်းအကျယ်(၂၈)ပေရှိသော သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး မြင်းမူမြို့နယ်အတွင်း တည်ရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)