ပလောက်မြို့ စည်ပင်သာယာစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး

ပလောက်    ဒီဇင်ဘာလ  ၂၃

ပွင့်လင်းရာသီ  ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက်  ယနေ့နံနက် ၈ နာရီက ပလောက်မြို့ စည်ပင်သာယာစျေးကြီး အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့အုပ်ချုပ်ရေးမှူး၊ ဦးဟိန်းမင်း အောင်၊ ပလောက်နယ်မြေ ရဲစခန်း၊ မြို့ကျန်းမာရေးဌာန၊ မြို့မီးသတ်တပ်ဖွဲ့နှင့် မြို့စည်ပင်သာယာရေးအဖွဲ့တို့က ပလောက်မြို့ စည်ပင်သာယာစျေးကြီးအတွင်း စျေးရောင်း သူများ အသုံးပြုသည့် မီးကြိုးများ တပ်ဆင်အသုံးပြုမှု၊ မီးသတ်ဆေးဘူး၊ မီးချိပ်၊ မီးကတ်၊ ရေပုံး ထားရှိမှု၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ရေရရှိနိုင်မှု အခြေအနေ များကို စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့သည်။

ယင်းနောက် ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် အဖွဲ့ဝင်များက စျေးရောင်းသူ၊ ဝယ်သူ များ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံသေးသည့် ပြည်သူများအား ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ကြဖို့ ပြောကြားခဲ့ ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)