ကျောက်ကြီး သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ Covid-19 စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ် လုပ်ငန်းများ ဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့က အမှာစကား ပြောကြားခဲ့သည်။ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်က ၂၀၂၀ ပြည့်နှစ် အတွင်း ကျောက်ကြီးမြို့နယ်တွင် Covid-19 စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်လုပ်ငန်းကို ကျေးရွာ အုပ်စ (၁၂)စုရှိ တောင်သူ(၁၁၇)ဦး၏ စိုက်ဧက(၃၂၉)ဧက၌ ထုတ်လုပ်သွားမည့် အစီအစဉ်တွင် ပါဝင် ဆောင်ရွက် နေသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနမှ ထုတ်ပြန်ထားသော မျိုးစေ့ထုတ် နည်းစနစ်များနှင့်အညီ ဆောင်ရွက်ကြရန်၊ ထွက်ရှိလာသော မျိုးသန့်မျိုးစေ့ များ အား အရည်အသွေးမှီ ထုတ်လုပ် နိုင်ရန်နှင့် မျိုးလိုအပ်နေသော တောင်သူများအား ပြန်လည်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မျိုးသန့်မျိုးစေ့ထုတ်တောင်သူများထံသို့ ထောက်ပံ့ငွေ (၂၇၄၇၁၅၀၀)သိန်းအား တာဝန်ရှိသူများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မျိုးသန့် မျိုးစေ့ထုတ် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
K ခိုင် ပြန်/ဆက်