ပုသိမ် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ရုံးသစ်ဖွင့်ပွဲတက်ရောက်ပြီး ဝန်ထမ်းအိမ်ရာ ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ထို့နောက် ရုံးသစ်အဆောက်အဦရှိ ရုံးခန်းဖွဲ့စည်းထားမှု များအား ကြည့်ရှုစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည် များလမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ သံဃာဆောင် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သံဃာဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါသံဃာဆောင်တွင် သံဃာတော် (၂၅) ပါးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပုသိမ်ခရိုင်ပြန်ဆက်