သဲကုန်းမြို့ စည်ပင်သာယာမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်

သဲကုန်း  ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့ စည်ပင်သာယာမြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေ ၃ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ စျေးကော်မတီဝင်များက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်းများ၊ မီးသတ်ယာဉ်ဖြင့် မီးလောင်မှုအား ငြိမ်းသတ်နည်းများဖြင့် ဇာတ်တိုက် လေ့ကျင့်၍ လက်တွေ့သရုပ်ပြသပြီး အသိပညာပေး ဆောင်ရွက်ခဲ့ရာ ဈေးသူ/သားများနှင့် ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အလေးထား လိုက်နာဆောင်ရွက်စေရန်နှင့် မီးပေါ့ဆစွာ သုံးစွဲခြင်းမှ ရှောင်ကြဉ်တတ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ချစ်နှင်းသုန်