ထန်းတပင်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး

ထန်းတပင်(ရန်ကုန်)   ဒီဇင်ဘာလ  ၂၃

ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို အခြေခံပညာ ကျောင်းအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက နဲသမိန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေ၊ လဝကမှူး ဦးကျော်ကျော်ဦးနှင့်ဝန်ထမ်းများက အ.ထ.က(နဲသမိန်)ကျောင်းရှိ  အသက် (၁၀) ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ (၇၉)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား(၇၉)ကတ်တို့ကို ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးခြင်း ကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ် (၈၅၉၆) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းလည်း မြို့နယ်ဦးစီးမှူး ဦးခင်ဆွေထံမှ သိရသည်။ 

ဇင်မင်းထိုက်