ပွင့်ဖြူမြို့နယ်၌ ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) စက်ဖြင့် ကောက်ရိုးထုံးခြင်းတောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

ပွင့်ဖြူ      ဒီဇင်ဘာ      ၂၃

မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးထုံးခြင်းနည်းစနစ် တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးသန်းဌေး ကွင်းအမှတ် (၉၁၀) လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တောင်သူပညာပေးကွင်းသရုပ်ပြပွဲတွင် မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်မွန် က ဒေသခံတောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရေးအတွက်  လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမင်းထွဋ် က ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် လယ်ယာသုံးစက်ကိရိယာများ အသုံးပြု၍လုပ်ကိုင်ခြင်းဖြင့် အချိန်ကုန် လူပင်ပန်းသက်သာခြင်း၊ ငွေအကုန်အကျ သက်သာပြီး လုပ်ငန်းတွင်ကျယ်ခြင်းနှင့် လေလွင့်ဆုံးရှုံးမှု နည်းပါးခြင်းတို့ကိုလည်းကောင်း တောင်သူပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦး က ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးထုံးနည်းစနစ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ဒေသခံတောင်သူများက ကောက်ရိုးထုံးစက်နှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေး ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦးနှင့် ဝန်ထမ်းများက ကံသာကြီးကျေးရွာ တောင်သူ ဦးသန်းဌေး၏ ကွင်းအမှတ်(၉၁၀) လယ်မြေတွင် ကောက်ရိုးထုံးစက်          (Round Baler) ဖြင့် ကောက်ရိုးထုံးနည်းစနစ်အား လက်တွေ့သရုပ်ပြသဆောင်ရွက်ရာ ဒေသခံတောင်သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကောက်ရိုးထုံးစက် (Round Baler) လယ်ယာသုံးစက်ကိရိယာဖြင့် အသုံးပြုခြင်းဖြင့် ဒေသခံ တောင်သူများအတွက် ကောက်ရိုးများ အမြန်သိမ်းဆည်းနိုင်သဖြင့် ဆက်လက်စိုက်ပျိုးမည့်သီးနှံအား အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ ကောက်ရိုးထုံးများအား အမိုးအကာများအောက်တွင် စနစ်တကျ လွယ်ကူစွာ သိမ်းဆည်းနိုင်ခြင်း၊  တောင်သူများ မွေးမြူထားရှိသော ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာဖူလုံစွာစုဆောင်းထားနိုင်ခြင်း၊ လယ်ယာမြေများရှိ ကောက်ရိုးများအား မီးရှို့ဖျက်စီးနေရ၍ အခြားသဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုအား ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊ စက်မှု့ကုန်ကြမ်း  ထုတ်လုပ်ရန်နှင့် ကောက်ရိုးမှိုစိုက်ပျိုးလုပ်ကိုင်သူများအတွက် ကောက်ရိုးများကို လွယ်လင့်တကူ ရရှိစုဆောင်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦး ပြောပြချက်အရ သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)