ချောက် ဒီဇင်ဘာ ၂၃
ချောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင် က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အကြီးအကဲထံမှ ပေးပို့သော လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားနှင့် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အခမ်းအနားပြင်ဆင်ရေးနှင့် လုံခြုံရေးကဏ္ဍအပါအဝင် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များအလိုက် ကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး တက်ရောက်လာသော ဌာနအလိုက်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြကြသည်။
ချောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံး၌ ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အကြီးအကဲထံမှပေးပို့သော လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားများ ကျင်းပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်းနှင့် ရေနံလုပ်သားအပန်းဖြေရိပ်သာ (၁)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအလိုက်ဆုရရှိသူများအား လွတ်လပ်ရေးနေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)