ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ   ဒီဇင်ဘာ  ၂၂

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ (၅/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အနေ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ကြောင်း၊ လာမည့်နွေရာသီတွင် ကြုံတွေ့နိုင်သည့် လျှပ်စစ် ဓါတ်အားလိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်အတွက် လျှပ်စစ်မီးသုံးစွဲမှုကိုချွေတာနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားဖို့လိုကြောင်း၊ ပွင့်လင်းရာသီနှင့်မိုးကြိုကာလတွင် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေး အန္တရာယ်ကြောင့် နိုင်ငံပိုင်အဆောက်အဦနှင့် ပစ္စည်းများ ပျက်စီးဆုံးရုံးမှုမရှိစေရန် တာဝန်ရှိသူ များမှ ကြပ်မတ်ဆောင်ရွက်သွားဖို့လိုကြောင်း၊ မီးဘေးလုံခြုံရေးစီမံချက်များ ရေးဆွဲတင်ပြ၍ အလေးထား လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊  အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ လိုကြောင်း၊ ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလ အတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးဖို့လိုကြောင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများကို စိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာလှပသော မြို့ရွာများ ဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအသစ် အိုမီခရွန် ကြောင့် ကျောင်းသား/သူများ ပညာသင်နှစ်ပြီးဆုံးသည်ထိ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ရေး အလေးထားကြပ်မတ် ဆောင်ရွက်ပေးဖို့လိုကြောင်း၊ မီနီဘတ်ဂျက် (၆)လကာလတွင် တင်ဒါ လုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများအနေဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် သက်ဆိုင်ရာတာဝန်ရှိသူများက တာဝန်ယူတာဝန်ခံမှုအပြည့်ဖြင့် တွန်းအားပေးကြပ်မတ် ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ကရင်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)