ဟားခါး ဒီဇင်ဘာ ၂၂
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် (၁၀)နာရီက ပြည်နယ်အစိုးရးအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တစ်နိုင်ငံလုံးမှာ Stay at Home အဖြစ် သတ်မှတ်သည့် (၆)မြို့နယ် ရှိသည့်အနက် ချင်းပြည်နယ်ရှိ ဟားခါးမြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း မြို့နယ်(၅)မြို့နယ်အား Stay at Home သတ်မှတ်ချက်ခံရပြီးနောက် ယခုအခါ ဟားခါးမြို့နယ် (၁)မြို့နယ်တည်း ကျန်ရှိနေသေးခြင်းဖြစ်သဖြင့် Stay at Home သတ်မှတ်ချက်မှ ဖြေလျော့နိုင်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှု ၅ ရာခိုင်နှုန်း အောက်ရောက်ရှိမှ Stay at Home အစီအစဉ်မှ ဖြေလျော့နိုင် မည်ဖြစ်သဖြင့် ရောဂါပိုးစစ်ဆေးမှု များများလုပ်ရန်လိုကြောင်း၊ ထိုသို့ရောဂါပိုးစစ်ဆေးမှုနှင့် ပိုးတွေ့ရှိမှုစာရင်းပြုစုရာတွင် မြေပြင်အမှန် အတိုင်းစာရင်းပြုစုရန်လိုကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုဆောင်အဖွဲ့ကလည်း အားကြိုးမာန်တက် ပူးပေါင်းပါဝင်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုဆောင်အဖွဲ့ အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ စတီဗဲင်လျန်ဟုပ်လိန်းက ပြီးခဲ့သည့်အပတ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေ အနေနှင့် ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချင်းပြည်နယ် အတွင်းရှိ တစ်ပတ်အတွင်း မြို့နယ် အလိုက် ကိုဗစ်-၁၉ ရောဂါပိုးအား Test Kit ဖြင့် စစ်ဆေးမှု၊ ပိုး တွေ့ရှိမှုနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါပိုး မျိုးကွဲသစ် Omicron အား ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကူးစက်ပျံ့နှံ့မှုအခြေအနေနှင့် ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့် Test Kit ဖြင့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်တို့က အကြံ ပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)