တောင်တွင်းကြီး ဒီဇင်ဘာ ၂၂
ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မူနည်းပညာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီ က ကုက္ကိုလှကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်း၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးစောမောင်တို့ က အဖွင့်မိတ်ဆက်စကား ပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်ကြားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အသေးစားစက်မူလက်မူလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုရွှေစင် က သင်တန်းနှင့်ပတ်သက်သည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်လျော်ဆပ်ပြာဆီ၊ ပုဂံဆေးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ သဘာဝခေါင်းလျော်ရည်၊ မှန်ကြည်ဆေး၊ ရေမလိုလက်သန့်ဆေး၊ ဆပ်ပြာခရင်၊ အောင်မဲညိုဆပ်ပြာ၊ ရှားစောင်းလက်ပတ်ဆပ်ပြာ၊ ကော်ဖီဆပ်ပြာ၊ ပျားနနွင်းဆပ်ပြာ၊ ဆန်ဆပ်ပြာ၊ သစ်ခွဆပ်ပြာစသည့် ဆပ်ပြာပြုလုပ်နည်း အဆင့်ဆင့်တို့ကို စာတွေ့၊ လက်တွေ့များဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်းကို ကုက္ကိုလှကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ(၂၀)ဦး တက်ရောက်လျှက်ရှိပြီး သင်တန်းကာလမှာ ဒီဇင်ဘာ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)