တောင်ငူမြို့၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်

တောင်ငူ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ်သဘာဝဘေး ကော်မတီ​၏ ဦးဆောင်မှု၊ လုပ်ငန်းကော်မတီများ​၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ ကိုယ်စားလှယ်(၄၅)ဦးတို့ ပါဝင်သော ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင် ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း အခမ်းအနားကို ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

​အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူး ရဲနိုင်လွင်က ဆက်လက်အမှာစကား ပြောကြားသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ငလျင်ဘေးအန္တရာယ် ကျရောက်ချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် အသီးသီးမှ တောင်ငူမြို့နယ် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ရေးအခြေအနေများကို ဆွေးနွေး ကြပြီးနောက် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။

 

တောင်ငူမြို့နယ်သည် စစ်ကိုင်းပြတ်ရွေ့ဟု ခေါ်ကြသည့် ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေပြီး ငလျင်ပြင်းထန်ဇုံ၌ ကျရောက်နေသော မြို့ဖြစ်သောကြောင့် ငလျင်ဘေး အန္တရာယ် ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းနိုင်ရေးအတွက် ဦးတည် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။

ဇော်ထက် (တောင်ငူ)