ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သောထောက်ပံ့ငွေများကို အမာမြို့အတွင်းရှိ သဘာဝဘေးဒဏ်သင့်အိမ်ထောင်စုများအား ထပ်ဆင့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်

အမာ  သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ သြဂုတ်လ (၃)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် အိမ်ထောင်စု (၁၀)စုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆောင်းပေးအပ်သည့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ယမန်နေ့နံနက်(၁၀)နာရီခန့်တွင် ဂေါ်ဒူကျေးရွာသို့ သွားရောက်၍ ဘေးဒဏ် သင့်ပြည်သူတို့ ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော  အိမ်ထောင်စု(၁၀)စုကို ဖျာပုံခရိုင်၊ ဘေး/စီမံဌာနမှ ထောက်ပံ့မှုပေးခဲ့ပြီး ယခုအခါတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံထောက်ပံ့ ပေးအပ်မှုကို အမာမြို့၊ မြို့အုပ်ချုပ် ရေးမှူးဦးသိန်းဇော်၊ အမာမြို့စည်ပင်ကော်မတီဥက္ကဋ္ဌ ဒေါ်ကေသီချို၊ ဘဝသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြာစိန်နှင့် တာဝန်ရှိသူတို့က ဂေါ်ဒူကျေးရွာရှိ သဘာဝဘေးဒဏ်သင့် အိမ်ထောင်စု(၁၀)စု အတွက် မြေနေရာဝယ်ယူရန် နေအိမ်(၁၀)လုံးအတွက် (၁၂)သိန်းကျပ်၊  တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေ(၅)သောင်း ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၀)စုအတွက် (၅)သိန်းကျပ်၊ စုစုပေါင်း(၁၇)သိန်းကျပ်ကို သက်ဆိုင်ရာ လေဘေးသင့်ပြည်သူ တို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်လေး(အမာ)