မုံရွာမြို့နယ်တွင် မြေပဲသီးနှံဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM)စံပြကွက် ဥကပ်ပါးနဂျီ လွှတ်ခြင်းကွင်းပြပွဲနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော ဘက်စုံပိုးမွှားကာကွယ်ရေး ကွင်းသရုပ်ပြပွဲ ကျင်းပ

မုံရွာ  ဒီဇင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မုံရွာခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်ဦးဆောင်ပြီး မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်နှင့် ဝန်ထမ်းများလိုက်ပါ၍ မြေပဲသီးနှံဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM)စံပြကွက် ဥကပ်ပါးနဂျီလွှတ်ခြင်း ကွင်းပြပွဲနှင့်  ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော ဘက်စုံသီးနှံကာကွယ်ရေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ()နာရီ က မုံရွာမြို့နယ် ရွာတုံကျေးရွာအုပ်စု အောက်စိန်တောကျေးရွာရှိ တောင်သူ ဦးကျော်ဇင်သန့်၏ မြေပဲတစ်ဧကစိုက်ကွက်နှင့် ညောင်ပင်ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာ တောင်သူ ဦးလူလေး၏ ခရမ်းတစ်ဧက စိုက်ကွက်တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပိုးမွှားကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင် က ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းရေး နည်းစနစ်ကို အသုံးပြုခြင်းဖြင့် တစ်ဧက ကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်နှုန်း ပိုမိုရရှိလာစေရန်ရည်ရွယ်ပြီး ယခုလို စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊  စံပြစိုက်ခင်းများ ဆောင်ရွက်သည့် တောင်သူများအား  IPM အကြောင်းနှင့် ဥကပ်ပါးနဂျီ လွှတ်ပေးရခြင်း အကြောင်းသိကောင်းစရာများနှင့် ပတ်သက်၍ လက်တွေ့အသုံးပြုပုံအဆင့်ဆင့်တို့အား ရှင်လင်းပြောကြားကာ တောင်သူ ဦးကျော်ဇင်သန့်ထံသို့ နဂျီပိုးဥ (၄၀၀၀၀)ကို ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တောင်သူ ဦးလူလေး၏ ခရမ်းစိုက်ခင်းတွင်  မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေ က ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော ဘက်စုံသီးနှံ ကာကွယ်ရေးအတွက် လိုအပ်သော သဘာဝမြေဩဇာများအပြင်   ကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်နှုန်း ပိုမိုရရှိလာစေရန်အတွက် စံပြကွက်၊စမ်းသပ်ကွက်များတွင် အသုံးပြုရန် လိုအပ်သည့် သဘာဝပိုးနှင်ဆေး EM5 ဖော်စပ်ပြုလုပ်သုံးစွဲနည်းနှင့် သဘာဝအားဆေး၊ သဘာဝမှိုသတ်ဆေးနှင့် သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်းများအား အသေးစိတ်ရှင်းလင်းပြောကြားပြီး မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသော သဘာဝရွက်ဖျန်းအားဆေး၊ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများ ဖော်စပ်အသုံးပြုနည်း လက်ကမ်းစာစောင်များကို ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ယင်းနောက် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင် က တောင်သူ ဦးလူလေး၏ ခရမ်းစိုက်ခင်းတစ်ဧအတွက် နဂျီပိုးဥ(၄၀၀၀၀)ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)