စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

အရာတော်  ဩဂုတ်  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့်မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံ သားတိုင်းဆန္ဒမဲပေးနိုင်ရေးအတွက် ယမန်နေ့က သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး နောင်ကြီးအိုင် စံပြကျေးရွာ တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများပူးပေါင်း၍ သစ္စာစီမံချက်ဖြင့် အိမ်ထောင်စု ဇယားရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အရာတော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၂အုပ်စု၊ကျေးရွာပေါင်း ၁၅၅ ရွာတွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် သတ်မှတ်ရက်များအလိုက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးနှင့် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နွယ်နီမြင့်  (ပြန်/ဆက်)