(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်

ကန့်ဘလူ ဒီဇင်ဘာ ၂၂

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်မိုးခက် က ကျောင်းသားကျောင်းသူများအား နေ့ထူးနေ့မြတ် နေ့ရက်များကို အစဉ်သတိရစေရန်အတွက် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ လွတ်လပ်ရေး အဓိပ္ပါယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ စသည့်လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်နံရံကပ်စာစောင်၊ ဓာတ်ပုံများကို ပြသထားခြင်း၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားတတ် စေရန်နှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်၊ စာအုပ်စာစောင်ပြပွဲတွင် မြန်မာသမိုင်းဝင် သူရဲကောင်းများ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ထိန်းသိမ်းမှုသမိုင်း၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)