ဒီပဲယင်း ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၌ မိုးစပါး (၀,၁၀) ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ရွာရှည်ကျေးရွာအုပ်စု ကံပြားကျေးရွာ ကွင်းအမှတ်(၂၀၃၈) ဦးပိုင်အမှတ်(၁၀) တောင်သူ ဦးတင်ကျော်၏ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) မျိုးစေ့ထုတ်စိုက်ခင်း (၈,၀၀)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ် စိုက်/မွေး ကော်မတီဝင်များဖြစ်သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ အကျိုးဆောင်တောင်သူများ ပူးပေါင်း၍ မိုးစပါးရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) (၀,၁၀) ဧကစံကွက်အား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ စံကွက်အစိုအထွက်နှုန်း (၁၀,၂၅) တင်းထွက်ရှိပြီး တစ်ဧကအစိုအထွက်နှုန်း (၁၀၂,၅၀)တင်း ထွက်ရှိပါသည်။
မိုးစပါးမျိုးကွဲအလိုက် ကိုယ်စားပြုအထွက်နှုန်း သိရှိစေရန် စိုက်စနစ်အလိုက် အထွက်နှုန်းသိရှိစေရန် မိုးစပါးအထွက်နှုန်း မိတ်ဖက်များ၏ အရေးပါမှုကိုတောင်သူများ သိရှိစေရန် ယခုကဲ့သို့ စံကွက်ရိတ်သိမ်းရခြင်းဖြစ်ကြောင်း မိုးစပါးမျိုးစေ့ထုတ် တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည် ရိတ်သိမ်းချိန်လွန်နည်းပညာများ အကြောင်းကို မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းမှ တက်ရောက်လာသော တောင်သူများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းထွန်း(ဒီပဲယင်း)