မြိတ်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ  ပြေးခုန်ပစ် ပြိုင်ပွဲ ကျင်းပ

မြိတ်   ဒီဇင်ဘာ   ၂၂

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် Township Spors Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် မီတာ(၁၅၀၀)အပြေးပြိုင်ပွဲ ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊  သံလုံးပစ်ပြိုင်ပွဲ၊ မီတာ (၄၀၀)အပြေး ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ စသည့် အမျိုးသား/အမျိုးသမီးပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား/သူများ တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့အတူ ဒီဇင်ဘာ(၂၃)ရက်တွင် လည်း မီတာ(၈၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊  သံပြားပစ်ပြိုင်ပွဲ၊ မီတာ(၄၀၀) အပြေး ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ စသည့် အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို မြိတ်မြို့ရှိ အခြေခံပညာကျောင်း စုစုပေါင်း(၁၁)ကျောင်းမှ ကျောင်းသား/ သူ(၁၁၀)ဦး က ပြိုင်ပွဲများအလိုက် ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြရာ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်၊ မြို့နယ်အား ကစားမှူး ဦးထွန်းရှိန်နှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအား ပေးခဲ့ကြသည်။ ပြိုင်ပွဲများတွင် ထူးချွန်သော အားကစားသမားများကို ပြိုင်ပွဲများ သွားရောက် ယှဉ်ပြိုင်ရန် ဆက်လက်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း  ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။

ခိုင်ထူး(မြိတ်)