မင်းဘူးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

မင်းဘူး    ဒီဇင်ဘာ    ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ မင်းဘူး(စကု)မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book club အတွင်းရေးမှူး ဦးဌေးလွင် က ကျောင်းသား၊ ကျောင်းသူလေးများအား အမှာစကား ပြောကြားရာတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါလွင် က ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဟာ ကလေးတို့အတွက် အတွေးအခေါ်အယူအဆ အသိပညာ ဗဟုသုတများ တိုးပွားလာစေပြီး ဉာဏ်ရည်ဉာဏ်သွေးများပါ ထက်မြက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း၊ ကလေးတို့အနေနဲ့လည်း ပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်စေပြီး မဆုတ်မနစ်သော ဇွဲ၊ လုံးလ ဝီရိယများဖြင့် ဆုများရရှိသည်အထိ ကြိုးစား၍ ပြိုင်စေလိုကြောင်း အားပေးစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ် Book Club အတွင်းရေးမှူး ဦးဌေးလွင်နှင့် တာဝန်ရှိသူများက စာစီစာကုံး ပြိုင်ပွဲတွင် ဆုအသီးသီးရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုကြရာ ဒုတိယဦးစီးမှူး ဒေါ်သူဇာစိုး က ရှင်းလင်းပြသခဲ့သည်။

ဇေယျာထက်(မင်းဘူး)