တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများ နေ့စဉ်ကောက်ယူ

တမူး သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများ ကောက်ခံ ပေးသွင်းလျက်ရှိရာ  ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်  ပြုလုပ်ပေးခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ ဆောင်ရွက်ရာတွင် တမူးမြို့ ရင်ခွင်မဲ့ကလေးငယ်များလျှောချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်း၊ တွဲဘက် အတွင်းရေးမှူး​ ဒေါ်မာမာမြင့်နှင့် တမူးခရိုင် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ခမိတ်ကျေးရွာ၊ ပန်းသာကျေးရွာ၊ နန်းမွန်းတားကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ရန်လင်းဖိုင်ကျေးရွာ၊ ပွက်သာကျေးရွာ၊ ခွန်မွန်းနွန်ကျေးရွာနှင့် ထင်းဇင်ကျေးရွာတို့ရှိ ကိုယ်ဝန်ဆောင်မိခင်(၁၂၃) ဦးတို့အား ငွေကြေးထောက်ပံ့ရယူနိုင်ရန်   Google Play Store နှင့် Apple Store တို့တွင် (Ngwe Bike) Application ကို Download ရယူပေးခြင်း၊ စာရင်းသွင်းရန် အခက်အခဲရှိသူများကို  ဖုန်းအတွင်း စာရင်း ရေးသွင်းပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ယခုငွေကြေးထောက်ပံ့မည့်အစီအစဉ်သည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူလူထု၏ လူမှုစီးပွားဘဝများ အပေါ် သက်ရောက်မှုများအား လျော့ပါးသက်သာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုယ်ဝန်ဆောင်မိခင်များ ကို ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်ဖြင့် တစ်ကြိမ်သာ ထောက်ပံ့ပေးအပ်မည့်အစီအစဉ် ဖြစ်ကြောင်း သြဂုတ်လ(၁၁) ရက်နေ့မှ စတင်၍ စက်တင်ဘာ (၁၅) ရက်နေ့အထိ စာရင်းသွင်းလျှောက် ထားနိုင်ပြီး လျှောက်ထားရာတွင် မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ အရပ်ဘက် အဖွဲ့အစည်းများဖြင့်လည်းကောင်း၊ မိမိ၏ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ အကူအညီဖြင့်လျှောက် ထားနိုင်ကြောင်း တမူးမြို့ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်း ထံမှသိရှိ ရသည်။

ကျော်သူရ(ပြန်/ဆက်)