ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တာဝန်ခံ ဒေါက်တာစိုင်းမင်းသူနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်း က ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ဆေးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် ဆေးပစ္စည်းများ ဝယ်ယူသုံးစွဲသူပြည်သူများ၏ ဘေးကင်းလုံခြုံမှုရရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တာဝန်ခံ ဒေါက်တာစိုင်းမင်းသူမှ ပြည်သူလူထုအဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း