ရေနံချောင်း ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် အခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းအောင် က လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပတ်သက်၍ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျကျင်းပသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများက စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်တက်ရောက်လာသည့် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး ကော်မတီဝင်များက လုပ်ငန်းလိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)