သဲကုန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးမှ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် မကျရောက်နိုင်စေရန် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီးဆောင်ရန် ရှောင်နိုင်ရန်အချက်များကို သိရှိ လိုက်နာစေရန်နှင့် တက်ရောက် လာသည့် ဌာနဆိုင်ရာ၊ မိဘပြည်သူများမှလည်း မိမိတို့၏ မိသားစုဝင်များနှင့်ပတ်ဝန်းကျင်ကိုလည်း လက်ဆင့်ကမ်း မျှဝေပေးကြပါရန် သို့မှသာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်မှ မီးလောင်လျှင် အဓိက မီးသတ်သည့် နည်းစနစ်များကို သိရှိထားစေရန်လိုကြာင်း၊ နေအိမ်များနှင့် ရုံးအဆောက်အအုံများတွင် မီးသတ် ဆေးဘူးများ ဆောင်ထားသင့်ကြောင်း၊ မီးသုံးစွဲသည့်နေရာများတွင် လောင်စာများ ဖြတ်တောက်ပြီး စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ သုံးဖို့လိုကြောင်း၊ လျှပ်စစ်မီး၊ မီးသွေးနှင့် ထင်းမီးများကို စနစ်တကျ သုံးတတ်ဖို့ လိုကြောင်း၊ မီးဘေးအန္တရာယ်ကိုပူးပေါင်း၍ ကြိုတင်ကာကွယ်ကြရမည်ဖြစ်ကြောင်း စသည့် အချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ချစ်နှင်းသုန် (ပြန်/ဆက်)