ဖားကန့်၌ ကိုဗစ်-၁၉ ဒုတိယလိုင်း ကြိုတင်ကာကွယ်မှု ပထမခြေလှမ်းအဖြစ် မြို့နယ်လုံးကျွတ် Face Mask များ အခမဲ့ဖြန့်ဝေ

ဖားကန့်        ဩဂုတ်         ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဒုတိယလိုင်း ကြိုတင်ကာကွယ် ဆောင်ရွက်မှု ပထမခြေလှမ်းအနေဖြင့် မြို့နယ်လုံးကျွတ် နှာခေါင်းစည်း Face Mask များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ ယနေ့နံနက်ပိုင်းက ဝေငှပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က “ဒီနေ့မနက် ၈ နာရီကစ တစ်မနက်လုံး Mask ဝေပေးခဲ့ပါတယ်၊ နောက်ပြီး မနက်ဖန်ကစ မြို့အဝင်/အထွက် ဂိတ်တွေမှာ ခရီးသွားရာဇဝင်စစ်တဲ့လုပ်ငန်း ဆောင်ရွက်ပါမယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့ကလာတဲ့သူတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ ၁၄ ရက် ထားပါမယ်၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆေးစစ်ချက် နှစ်ကြိမ်ယူပါမယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းလာရောက်အခြေချသူ လူဦးရေအနည်းဆုံး သုံးသောင်းကျော် ခန့်ရှိကြောင်း ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ထံမှ သိရသည်။

ဖားကန့်မြို့နယ်၌ ၂၀၂၀ ခုနှစ် မတ်လမှစတင်ကာ ကာမိုင်းစုပေါင်းစစ်ဆေးရေးဂိတ်၊ လုံးခင်းလယ်ပြင်ရှိ ဝသုန္ဒရီဂိတ်၊ အင်းတော်ကြီးဒေသနှင့် ဆက်သွယ်ထားသည့် ဝှေခါ မကာပင်ဂိတ်၊ မိုးညှင်းမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်ရှိ ဆယ်ဇင်းဂိတ်တို့တွင် ကိုယ်အပူချိန်တိုင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါဖြစ်ပွားရာဒေသမှ ဝင်ရောက်လာသူ များအား ၁၄ ရက် အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ အဆိုပါ ဂိတ်များအားလုံးတွင် အသွားအလာကန့်သတ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုအား ဖြေလျှော့ ပေးခဲ့သည်။

တာလင်းမောင်(ပြန်/ဆက်)