ကျောင်းကုန်း ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉) စက်မှုလယ်ယာစခန်း ၌ စပါးအခြောက်ခံစက် သရုပ်ပြပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမင်းဇော်က စပါးအခြောက်ခံစက်၏ လုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြရှင်းလင်းပြောကြားပြီး၊ အချိန်အခါမဟုတ် ရွာသွန်းသည့်မိုးများကြောင့် ရိတ်သိမ်းပြီးစပါးများ ပျက်စီး ဆုံးရှုံးမှု မရှိစေရန် စပါးအခြောက်ခံစက်ဖြင့် ဝန်ဆောင်မှုပေးနေကြောင်း၊ စပါးလက်ခံချိန် အစိုမှတ်၂၅ မှ ၃၀ အထိရှိ တတ်ပြီး၊ အခြောက်ခံပြီးပါက အစိုမှတ် ၁၄ ဖြင့် သန့်စင်ပြီး စပါးထုတ်ပေးကြောင်း၊ တောင်သူများအခက်အခဲရှိပါက ဌာနမှဝန်ဆောင်မှု အကူအညီပေးနေကြောင်း ပြောကြားခဲ့သည်။
သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထင်ကျော်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စက်မှု လယ်ယာဦးစီးမှူး ဦးမင်းဇော်နှင့်ဝန်ထမ်းများ တောင်သူ(၃၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ အမှတ်(၁)ရပ်ကွက်နေ ဦးရဲနိုင်ဦး၏ ပေါ်ဆန်းစပါး တင်း(၂၀၀)အား စပါးအခြောက်ခံစက်ဖြင့် သရုပ်ပြအခြောက်ခံခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာနက သိရသည်။
ဝင်းကြိုင်