ရေတာရှည် ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သက်ငယ်မုဒိမ်းမှုအကြောင်း အသိပညာပေး ဟောပြောပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
ဟောပြောပွဲတွင် တောင်ငူခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်သဇင်မျိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေတာရှည်မြို့မရဲစခန်း ဒုရဲအုပ်ဇော်မြင့်က မုဒိမ်းမှု ကျူးလွန်သူတွေက သူစိမ်းတွေတင်မဟုတ်ပဲ ရင်းနှီးနေသူများကလည်း ပြစ်မှုကျူးလွန်တက်ကြောင်း၊ မှတ်သားရ လွယ်ကူစေရန် “လင်္ကာ” ဖြင့်ပြောပြရလျှင် “အလိုမတူ”၊ ခွင့်မပေး၊ သေနာဘေးကြောင့်၊ ထင်ယောင်ထင်မှား၊ အရွယ်မရောက် မုဒိမ်းမြောက်” ကြောင်းနှင့် သက်ငယ်မုဒိမ်းမှုအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ သတိပြုဆင်ခြင် ရမည့်အချက်များကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ရေတာရှည်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်က ကျေးဇူး တင်စကားပြောကြားခဲ့သည်။
ဟောပြောပွဲကို ရေတာရှည်မြို့နယ်အတွင်း သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်စေရေး အတွက်ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာကြသော ပရိသတ် များအား တောင်ငူခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မျက်နှာနှင့်နှာခေါင်းစည်း(mask)များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)