တောင်ငူ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ အောင်ခန့်ဖြိုးဝေ (တောင်ငူ)၏ “ပညာဖြင့် ကမ္ဘာကိုသာယာ လှပအောင် အလှဆင်သော မြတ်ဆရာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း နာယက ဦးအောင်သန်းနှင့် အဖွဲ့ဝင်များက ဆောင်းပါးတွင် ပါရှိသည့် အကြောင်းအရာများအား မိမိ၏ထင်မြင်ယူဆချက်များနှင့်တွေးခေါ်မှုများအား တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးအနေဖြင့် စာပေဖတ်ရှုဝါသနာရှင် များအတွက် အသက်အရွယ်မရွေးစာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတ အတွေးအမြင်များရရှိစေပြီး ကိုယ်တိုင် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့ အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်ကာ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်