ထားဝယ်တက္ကသိုလ်၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးလှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ထားဝယ် ဒီဇင်ဘာ ၂၁

မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုပ်ရှားမှုအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် သမိုင်းဌာနပါမောက္ခဒေါက်တာ သင်းသင်းထွန်း က နိုင်ငံသားတိုင်းတွင်ရှိရမည့် အခြေခံ စိတ်ဓာတ်၊ ဘာသာလူမျိုးအသားအရောင်မခွဲ၊ မိမိတိုင်းပြည် မိမိလူမျိုး မိမိဘာသာ မိမိစာပေလူမျိုး ယဉ်ကျေးမှုတို့ကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်လူမျိုးကောင်းစားသည်ကို မြင်လိုသောစိတ်ရှိရမည် ဖြစ်ကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်နှင့်အမျိုးသားရေး စိတ်ဓာတ်အကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ သမိုင်းဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာနှင်းမာခင်က မိမိ၏အမျိုးနှင့် မိမိနိုင်ငံကို ချစ်ခင်မြတ်နိုးခြင်း၊ ချစ်ခင်မြတ်နိုးသည်နှင့်အမျှ မပျောက်မပျက်မပြိုကွဲသွားအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုသောစိတ်၊ အမျိုးနှင့် တိုင်းပြည်ကို စော်ကားကျူးကျော်လာလျှင် အရှုံးမပေးပဲ အသက် ပေးကာကွယ်တိုက်ဖျက်လိုသောစိတ်၊ စည်းလုံးညီညွတ်စွာ နေထိုင်တတ်ခြင်းရှိရမည်ဖြစ်ကြောင်းနှင့် မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး လှုပ်ရှားမှုများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများက မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်အကြောင်း၊ မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး လှုပ်ရှားမှုများ အကြောင်းအရာများကို စကားဝိုင်းအဖြစ်အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကေကေအယ်လ်(ထားဝယ်)