ဘားအံ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း PPTT (၇/၂၀၂၀) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါ ကောလိပ်သီရိ ခန်းမ၌ ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုလို အင်မတန် မွန်မြတ်လှတဲ့ ဆရာ၊ ဆရာမဘဝကို ရွေးချယ် တက်ရောက်ပေးကြသည့်အတွက် လွန်စွာလေးစား ဂုဏ်ယူပါကြောင်း၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ ဖြစ်လာကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ထားရှိရမည့် ယုံကြည်ချက်၊ ခံယူချက်များ ခိုင်မာမှန်ကန်စေရေး သင်တန်းကာလတွင် ကျင့်ကြံအားထုတ် လေ့ကျင့် ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် သင်တန်းကာလတွင် နေထိုင်စားသောက်မှု အဆင်ပြေစေရေး တတ်နိုင် သလောက် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း၊ မိမိမှတာဝန်ယူသင်ကြားပေးရမည့် ကျောင်းသား/ သူငယ် လေးများအား စာပေတစ်ခုတည်းသာမက လိမ္မာရေးခြားရှိစေရေး၊ ဘက်စုံထူးချွန်သူများဖြစ်လာစေရေးကို လေ့ကျင့် သင်ကြားပေးနိုင်ရေးအတွက် ယခုမှစ၍ ကြိုတင်ပြင်ဆင်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ သိရှိစောင့် ထိန်းရမည့် ကျင့်ဝတ်များကို စောင့်သိရိုသေခြင်း၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာခြင်း၊ တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာနှင့် ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်း စသည့်ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာ၍ ပါတီနိုင်ငံရေး ကင်းရှင်းပြီး ဝန်ထမ်းကောင်းဘဝကို ခံယူကြစေလိုကြောင်း၊ အစဉ်အမြဲသင်ယူလေ့ လာနေမည့် Life-Long-Learner ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ် ပညာသင်တန်း PPTT (၇/၂၀၂၀)သို့ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား တစ်လလျှင် ငွေကျပ်သိန်းသုံးဆယ်ဖြင့် သုံးလအတွက် ငွေကျပ် သိန်း(၉၀)ကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးက လက်ခံရယူခဲ့ပြီး ဘားအံပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းဆိုင်ရာ အချက်အလက် များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ဒို့တာဝန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ အခမ်းအနားတွင် သီဆိုဖျော်ဖြေသည့် သင်တန်းသား၊ သင်တန်းသူများအား ငွေကျပ်တစ်သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT(၇/၂၀၂၀) တွင် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံ ကျား(၂၉)ဦးနှင့် မ (၁၇၀) ဦး စုစုပေါင်း ၁၉၉ ဦး တက်ရောက်လျက်ရှိကာ ပညာရေးဘာသာ(၂)ခု၊ သင်ပြနည်း ဘာသာရပ်(၅)ခု၊ ICT နှင့် ဖွံဖြိုးရေးဘာသာရပ်(၆)ခုတို့ကို ယခင်သင်တန်းများအတိုင်း သင်ရိုးကုန် သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်းဆုံး စစ်ဆေးခြင်း စာမေးပွဲအပြီးတွင် အခြေခံပညာကျောင်းများ၌ လက်တွေ့တန်းပြ အနေဖြင့် (၄၅) ရက် သွားရောက်သင်ကြားပြီးမှသာ သင်တန်းပြီးမြောက်မည်ဖြစ်သည်။
ထို့အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၄/၂၀၂၁)ကြိမ်မြောက်နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ ရေးကော်မတီများ၏ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လယ်ယာမြေပေါ်တွင် အခြားနည်း အသုံးပြုခွင့်မရှိဘဲ ကျူးကျော်မြေဖို့ ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဆောက်အဦဆောက်လုပ်နေခြင်းများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်မှ ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများသည် တရားမဝင်ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာလယ်ယာ မြေစီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့်မှ ကြပ်မတ်ကွပ်ကဲ ပေးဖို့လိုကြောင်း၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ အခြားနည်းအသုံးပြုရန် လျှောက်ထားသူများ အနေဖြင့် ဥပဒေနှင့်အညီ မြေလွတ်မြေရိုင်း ငှါးရမ်းလုပ်ကိုင်ခွင့် လက်မှတ်ကိုသာ ရရှိမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်များစီမံခန့်ခွဲရေး ကော်မတီ များ၏ အတွင်းရေးမှူး ဦးမင်းမင်းက လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကိစ္စရပ် များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ကော်မတီဝင်များက အကြံပြုဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၊ ပြည်နယ်မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီများ၏ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)