ဒေါ့ဖုန်းယန် သြဂုတ် ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ဒေသအတွင်း၌ အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပေါ်စေရေး စီးပွားဖြစ်ဝက်မွေးမြူသူများနှင့် ဝက်ကုန်သည်များ လိုက်နာဆောင်ရွက်ရမည့် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက မြို့စျေးအတွင်း၌ စိုက်ထူခဲ့သည်။
အဆိုပါ အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့် မြေစိုက်ပိုစတာတွင် အာဖရိက ဝက်အပြင်းဖျား ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီးဝက်များ သေဆုံးနိုင်သောကြောင့် ရောဂါမှ ကာကွယ်ရန်အတွက် စနစ်တကျ ခြံလှောင် မွေးမြူပါ၊ ပြင်ပမှ ယာဉ်/လူ/ပစ္စည်း အဝင်အထွက်အား ကန့်သတ်ထိန်းချုပ်ပါ၊ ခြံအဝင်ဝတွင် ပိုးသတ်ကန်ထားရှိ၍ ဖိနပ်များ လဲလှယ် အသုံးပြုပါ၊ စားသောက်ဆိုင်မှ ဝက်သားပါသော စားကြွင်းစားကျန်များ မကျွေးရ၊ နာမကျန်း ဖြစ်နေသည့် ဝက်များအား ဝက်ကုန်သည်များ/ လိုင်စင်စီများထံ ရောင်းချခြင်း မပြုရ၊ ဝက်များကို ပုံမှန်အသုံးပြုနေကြ ကာကွယ်ဆေးများ ထိုးနှံရမည့်အပြင် Porcine Circovirus Type-2 ရောဂါ ကာကွယ်ဆေးကို ထိုးနှံပါနှင့် ဝက်ကုန်သည်/ လိုင်စင်စီများ လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်ပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဘိုဘိုလှိုင်တို့က ဦးဆောင်၍ စိုက်ထူဆောင်ရွက်ခဲ့ရာ ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
မြသက်(ပြန်/ဆက်)