မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အထက်မင်းလှ    ဒီဇင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန်နှင့် ကြိုတင်ကာကွယ်ရေး  လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်မှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံရစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ရန်၊ အခြေခံပညာကျောင်းများတွင်             ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စာသင်ကြားနိုင်ရေး အထူးအလေးထားဆောင်ရွက်ရန်၊ ပြည်သူများနေအိမ်ပြင်ပသွားလာရာတွင်  နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်  တက်ရောက်လာသည့် တာဝန်ရှိသူများက   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြရာ     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ              လိုအပ်သည်များအား ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)