ချောင်းသာ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးရန် ကျန်ရှိသူများကို ယနေ့နံနက် ၉ နာရီက ဘုတ်ဆုံမပညာဒါန ကျောင်းဆောင်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင် အနီးကပ်ကြီးကြပ်မှုဖြင့် မြို့ကျန်းမာရေးမှူး ဦးထွန်းအောင်ကို နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များက ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း နှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင် နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ချောင်းသာမြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ် (၃)ရပ်ကွက်နှင့်ကျေးရွာမှ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ထိုးနှံပေးခြင်း ဖြစ်ကြောင်း ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ထံက သိရသည်။
ကျော်ကျော်