လှိုင်းဘွဲ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်းတိုက်နယ်အုပ်စု၊ တကူဆိပ်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေး သည့် K 95/84 ကြံမျိုးအား ခုတ်လဲ၍ ကြံသကာချက် လုပ်ခြင်းနှင့် ကြံပျိုးပင်အသစ် ပြန်လည် စိုက်ပျိုးနေကြသည်ကို တွေ့ရှိရသည်။
ကြံစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးမောင်ဦးက ကြံပင်က မျိုးရင်းနဲနဲများတယ်၊ အချို့တောင်သူတွေက ကြံပင်ရိုးရိုးကိုပဲစိုက်ကြတာ ကြံအထွက်နှုန်းက တန်(၂၀)ဝန်းကျင် လောက်ပဲ ထွက်တာတွေ့ရပြီး K95/84 ကြံမျိုးက တစ်ဧကလျှင် တန်(၅၀)ကျော်ထွက်တော့ ကြံပင်ခြင်းတူပေမယ့် အထွက်နှုန်းက သိသာအောင်ကို ကွာပါကြောင်း၊ သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးလျှင် စိုက်စရိတ်က အနည်းငယ်ပိုများကြောင်း၊ မနှစ်က စိုက်ထားသည့် K95/84 ကြံမျိုးကို ယခု ခုတ်ယူနေကြောင်း၊ ကြံပင်သက်တမ်း (၁) နှစ်ရှိပြီး ယခုခုတ်ယူနေ သော ကြံတွေထဲမှ ယခုမြေပြင်ထွန်ယက်ပြီး ပြန်လည်စိုက်ပျိုးနေကြောင်း၊ ကြံစိုက်ခင်း (၁) ဧကလျှင် ကြံတန်ချိန် တစ်တန်ကျော်ခန့်ပြန်ထည့်ပြီး စိုက်ကြရကြောင်း၊ နောက်နှစ်အတွက် စိုက်ထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။
ထွက်ရှိလာသောကြံများကို ကြံရည်ကြိတ်၍ ကြံသကာချက်လုပ်ကြကြောင်း၊ကြံသကာချက် ရန်ထင်းမလိုအပ်ပဲ ကြံကြိတ်ဖတ် များကိုနေပူလှန်းပြီး ထင်းအစားချက်ကြကြောင်း၊ ကြံစိုက်ခင်း(၁)ဧကလျှင် ကြံသကာ ပိဿာချိန် (၃၀၀၀) ခန့် ထွက်ရှိပြီး၊ ဒေသပေါက်စျေး အနေဖြင့် ကြံသကာ (၁) ပိဿာလျှင် ငွေ (၁၃၀၀) ကျပ်ဖြင့် ရောင်းဝယ်နေကြရပြီး၊ ပြီးခဲ့သည့် နှစ်က ကြံသကာ (၁) ပိဿာကို (၁၇၀၀) ကျပ်အထိ စျေးကောင်းရရှိခဲ့ကြကြောင်း ကြံစိုက်တောင်သူများက ပြောပြသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်းတိုက်နယ် နှင့်ကျေးရွာအုပ်စု(၁၁)စု၌ ကြံစိုက်ဧကစုစုပေါင်း (၅၀၀၀) ကျော်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)