လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၁)ဖွင့်လှစ်

ကျောင်းကုန်း   ဒီဇင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်() စက်မှုလယ်ယာ စခန်း၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်ပွဲကို ယမန်နေ့မွန်းလွဲ (၁၂:၃၀)နာရီအချိန် အဆိုပါစက်မှုလယ်ယာဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးမင်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်းဦးစီးမှူး ဦးကျော်မျိုးဝင်း က သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဦးကျော်ကျော်မြင့်က သင်တန်းအချိန်ဇယားများ ပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်က သင်တန်းအထောက် အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ်ရှိ တောင်သူများအနေဖြင့် လယ်ယာကဏ္ဍတွင် စက်ကိရိယာများ ပိုမိုသုံးစွဲလာ စေရန် လက်တွန်း ထွန်စက်၊ ထွန်စက်ကြီး၊ ကောက်စိုက်စက်၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များ ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရာတွင် စနစ်တကျမောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ စက်ကိရိယာများ စနစ်တကျကြံ့ခိုင်မှုဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သင်တန်းသား (၃၀)ဦးအား (၁၂)ရက် ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး စည်းကမ်းနှင့်အညီ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး၊ ယခုတက်ရောက်လာ သော သင်တန်းသားများမှတဆင့် မိမိသင်ကြားတတ်မြောက်မှုကို မိမိတို့ပတ်ဝန်းကျင်ကျေးရွာရှိ တောင်သူများအားတဆင့် ပြန်လည်သင်ကြားပေးခြင်း ဖြင့် စက်ကိရိယာများ ပျက်စီးမှုနည်းခြင်း၊ ရာသီချိန်တွင် စက်စွမ်းအားအပြည့် ဆောင်ရွက်နိုင်ခြင်းစသည့် လက်ငင်း အကျိုးကျေးဇူးများ ရရှိ‌မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမင်းဇော် ကပြောသည်။

ဝင်းကြိုင်