နတ်မောက် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာမ မာရင်ရင် ရေးသားသည့် “ပျော်ရွှင်ခြင်းတံခါးပေါက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက မိမိဝန်ထမ်းများအနေဖြင့် ပြည်သူကို အသိပညာပေးလုပ်ငန်းများ ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများဖြစ်သည့်အတွက် စာပေကိုအမြဲမပြတ် ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ ပြင်ပဗဟုသုတများနှင့် ပြည့်စုံရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဒေါ်ဝင်းမေထွန်း စာထောက်(၃) က မာရင်ရင် ရေးသားသည့် “ပျော်ရွှင်ခြင်းတံခါးပေါက်” စာအုပ်ထဲမှ “မနက်ဖြန်ကောင်းဖို့ ဒီနေ့လည်းအရေးကြီးတယ်”ခေါင်းစဉ်ကို ဖတ်ရှုဆွေးနွေးခဲ့ရာ ရုံးဝန်ထမ်းများက စာအုပ်အကြောင်းအရာပါ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း