ချောင်းသာ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က အ-ထ-က(ချောင်းသာ)၌ ကျင်းပပြုလုပ်ခဲ့သည်။ အားကစားပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသူများက ထုပ်ဆီးတိုးအားကစားနည်းကို အတန်းအလိုက် ဝါ၊ စိမ်း၊ နီ၊ ပြာ၊ ခရမ်း၊ လိမ္မော်အသင်းအဖွဲ့စနစ်ဖြင့် အသင်းပတ်လည် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါအားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ် လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် ကာယ၊ ဉာဏ၊ စွမ်းရည်များ ရင့်သန်လာစေရန်အတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အ-ထ-က(ချောင်းသာ)မှ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာကျင်းပခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော်