ဝေါလေမြိုင် ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီး ကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ လူစုလူဝေးပြု လုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုး ကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပေးချက်များနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက် ပြတ်တောက်နိုင်စေရေး အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်ကို (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးချက် များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ် အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
နိုင်မျိုးသင်း